Saturday, December 19, 2020

လွမ်းသူ့ပန်းခွေ

အဲဒါ ..

မနေ့ကတင် ဖြစ်ခဲ့တာပါ

ကြေကွဲခြင်းဆိုတဲ့ နတ်သမီးတစ်ပါးက

ငါနဲ့လက်ထပ်မလား..လို့ ကမ်းလှမ်းလာတယ် ..

ရေကန်က အသင့်ဖြစ်နေပြီလေ ..

ကြာတွေက မပွင့်သေးတာပါ။

မေးခွန်းကိုသာ ရွေးချယ်ခွင့် ရမယ်ဆိုရင်

ငါလည်း စာမေးပွဲဝင်ဖြေချင်တယ်..။

တစ်ချို့လူတွေက ရှာဖွေတွေ့ရှိကြ

တစ်ချို့လူတွေက ကောက်ကြ

တစ်ချို့လူတွေက စုဆောင်းကြ..

တစ်ချို့လူတွေက ရှေကဆက်လျှောက်ကြ။

အားလုံးမှာ တံခါးနှစ်ပေါက်စီရှိတယ်၊ .. လှေခါး နှစ်စင်းစီရှိတယ်၊

အားလုံးရဲ့ နာရေးခရီးကိုလည်း

နှစ်မျိုးနှစ်စား စီစဉ်ထားပြီးသား ရှိတယ် ..။

ကလေးဘဝ ..

လက်ရေးလှ စာအုပ်ထဲက ဝလုံးရွဲ့စောင်းစောင်းလေး ကို

နဂါးခေါင်းလှည့်တဲ့ နေရာ တည့်တည့်မှာမှ

ငါ ချရေးခဲ့မိသလား မပြောတတ်ပါဘူး။

စိတ်ကူး ကျဉ်းကျဉ်းလေးထဲမှာမှ

ခြေလှမ်းတွေက ကျဲခဲ့တယ်..

ဘာတတ်နိုင်မှာလဲ ..

ဒါ.. “ချိန်းဆိုချက်” တစ်ခုပါ

ငါ ရောက်အောင် လာခဲ့တယ်

မိုးခေါင်သလိုမျိုး ဆောင်းကကော မခေါင်နိုင်တော့ဘူးတဲ့လား

တစ်ခါတစ်ရံ ကံကြမ္မာက ဘုရားထူးတာ ခံကြည့်ဖူးချင်လို့ ....

ဒါပေမဲ့....

အိပ်ရာကသာ အကြိမ်ကြိမ် ထခဲ့ရတယ်

နိုဝင်ဘာကတော့ ရောက်မလာခဲ့ဘူး

အရှူံးတွေကို

တံဆိပ်ခေါင်းလို တယုတယ

စုနေခဲ့တုန်းကတော့

ရာသီဥတုက ကိုယ့်ဖက်ပါခဲ့တယ်..

ကြည့်စမ်း…….

ငါဟာ မိမွေးတိုင်း ဖမွေးတိုင်းကိုက

လွမ်းသူ့ပန်းခွေဆန်ခဲ့ရတဲ့ကောင်ပါ။