Friday, November 29, 2019

လွမ်းနေယုံပေါ့

အမှန်တိုင်း ဝန်ခံပါရစေတော့ ချစ်သူရယ်

မင်းနဲ့ ပက်သက်တဲ့ ငါ့ရဲ့ ညကဗျာ

အမြဲတမ်း မလှပခဲ့ဘူးဆိုတာကိုလေ

ကော်ဖီခါးခါး တစ်ခွက်ထက် အလွမ်းချိုချို တစ်ပုဒ်က

ညစဉ်ညတိုင်း ငါ့မျက်လုံးတွေကို နှိပ်စက်နေတယ်

ငါ့ကို အိပ်စက်ခွင့်ပြုပါ ချစ်သူရယ်

ကုန်ကုန်ပြောရရင် ငါပိုင်တဲ့ ငါ့ရဲ့ အတွေးနဲ့ နှလုံးသားကို

ထာဝရ အိပ်စက်ခွင့်ပြုလိုက်ချင်ပါတယ်

<ဒါပေမယ့်>

အတွေးနဲ့ နှလုံးသားက ဦးနှောက်ရဲ့ ဆုံးဖြတ်ချက်ကို

လက်မခံကြဘူးလေ

အဲဒီတော့ လွမ်းနေလိုက်ယုံပေါ့

Friday, November 22, 2019

ချစ်ဦးမေ

လွမ်းရစ်မြူဝေ

ဆိုင်းခိုလေသလား

ရင်ကိုခါးသက်

အိမ်မက်ပျက်စီး

အနီးဆုံးလည်း

ငါ့မှာသောကမဲ့ခဲ့ပြီ...

တိမ်ထူညအဆင်း

ဖော်မဲ့ခြင်းမှာ

တမ်းတခါခါ

မင်းတယောက်သာမို့

လွမ်းရည်ညှိ့တက်

လွမ်းရက်ဆက်ပြီ

လွမ်းရစ်မြူဝေ

ချစ်ဦးမေ.....

Friday, November 15, 2019

နတ်သမီး

သူ့ပါးမို့မို့…ချစ်စရာမို့

သူ့မျက်ဝန်းရယ်…လဝန်းနှယ်

သူ့ကိုယ်ရောင်ရယ်…ငွေအဆင်းခြယ်

အလင်းတွေပေးတယ်..တစ်ကမ္ဘာလုံးဝယ်

ကြယ်လေးတွေလည်းမင်းနားဝယ်

ညဆိုစုဝေးခစားတယ်…

ငါလည်းအမြဲတမ်းမင်းအနားဝယ်

ခစားချင်တယ်..တစ်သက်လုံးကွယ်

မြတ်နိုးခွင့်တော့..ပေးသင့်တယ်

ချစ်လှစွာသော..နတ်သမီးရယ်

Friday, November 8, 2019

ငါ့ရဲ့ဝဋ်ကျွေး

ငါ့ရင်ထဲမှာ နာကျင်နေတယ်

ငါ့ရင်ထဲမှာ ငိုကျွေးနေတယ်

ငါ့ရင်ထဲမှာ ကြွေကွဲနေတယ်

ငါ့ရင်ထဲမှာ အောက်မေ့နေတယ်

ငါ့ရင်ကွဲကြေကွဲ ငိုရှိုုက်နေတယ်

ငါလွမ်းတိုင်းလဲ မင်းဖြစ်နေတယ်

သံသရာမှာ ဝဋ်ကျွေးရှိတာဖြစ်လိမ့်မယ်

သံသရာ ဝဋ်ကျွေးမပြယ်သေးလို့

ငါပေးဆပ်တယ် ချစ်သူရယ်....

မမြင်ဘူးပဲ ငါချစ်တယ်

ဖြူစင်အချစ် ရင်ထဲဖြစ်တည်

တကယ်ချစ်ခဲ့ပါတယ်

ချစ်သူရယ်.....

Friday, November 1, 2019

ကြယ်ကြွေချိန်ဆုတောင်း

ချစ်သူကပေးတဲ့ဒဏ်ရာတွေ

ကုစားရင်း မြက်ခင်းပေါ်ကျောခင်းမိတော့

ဖြစ်ပျက်ခဲ့သမျှတွေ

အကွက်ကျကျ ပြန်မြင်ယောင်မိတယ်...

ချစ်တယ်လို့ပြောခဲ့တာ

မုသားမပါတဲ့

ငါ့ရင်တွင်းစကားစစ်စစ်ပါ...

မင်းချန်ထားခဲ့မယ်လို့

ငါမှမထင်တတ်ခဲ့ပဲ

ကျန်ခဲ့တော့လည်း

ငါ့ကံပေါ့ချစ်သူ...

ရင်တွင်းဒဏ်ရာ

အနာမကျက်သရွေ့

ငါကြိုးစားကုရဦးမယ်....။

ကောင်းကင်ပေါ်ခေါင်းမော့ကြည့်မိတော့

ဖြုတ်ခနဲဆို ကြယ်ကြွေအသွား

ငါဆုတောင်းလိုက်မိတာက

ပြန်ဆုံဖို့မဟုတ်သလို

နင့်အချစ်ပြန်ရဖို့လဲမဟုတ်ခဲ့ပါဘူး

ငါနင့်ကိုမေ့နိုင်ဖို့ပါ.....